Sunday, October 14, 2012

ရမည်းသင်းမြို့၌ဘုန်းကြီးတစ်စုနှင့်အရပ်သားတချိှု့စုဝေးဖစ်အောင်ဖန်တီးခဲ့ပြီးဧကရာဇ်ဗလီအားဖျက်ဆီးရန်လုပ်ဆောင်

အောက်တိုဘာ၊ ၁၃၊ ၂၀၁၂
ယနေ့ ၁၃.၁၀.၂၀၁၂ နေ့တွင် ရမည်းသင်းမြို့၌ ဘုန်းကြီးတစ်စုနှင့် အရပ်သားတချိှု့ စုဝေးရောက်ရှိလာပြီး ဆူပူလှုံ့ဆော်မှုဖြစ်အောင် ဖန်တီးခဲ့ပြီး ဧကရာဇ်ဗလီအား ဖျက်ဆီးရန် လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရမည်းသင်းမြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ ဖြစ်ပွားပုံကို သိရှိခဲ့ရပါသည်။ ရမည်းသင်းမြို့တွင် နေထိုင်သော ဗုဒ္ဓဘာသာ အမျိုးသားတစ်ဦးနှင့် မွတ်စလင်မ်အမျိုးသမီး တစ်ဦးတို့သည် လွန်ခဲ့သော ၁၅-နှစ်ခန့်က အိမ်ထောင်ကျပြီး လွန်ခဲ့သော ၄-နှစ်ခန့်က အိမ်ထောင်ပြိုကွဲသွားကာ စီးပွားပြိုင်လုပ်ဆောင်ခဲ့ကြသည်။ ယင်းတို့ နှစ်ဦးစလုံးမှ အသီးသီး ဘောလုံးအသင်းများထောင်ထားခဲ့သည်။ အမျိုးသမီးထောင်ထားသော ဘောလုံးအသင်းတွင် မွတ်စလင်မ် လူနည်းစုပါဝင်ခဲ့သည်။ မနေ့က ၁၂.၁၀.၁၂ တွင် ရမည်းသင်းမြို့၌ ဘောလုံးပွဲပြုလုပ်ခဲ့ရာ ယင်း ၂-သင်းလုံးပြိုင်ခဲ့ကြပြီး ဘောလုံးပွဲတွင်ပင် ပြဿနာဖြစ်ပွားခဲ့ရာ အမျိုးသမီးပိုင် ဘောလုံးအသင်းမှ မွတ်စလင်မ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်း ပြဿနာသည် ထိုမျှနှင့် ပြီးဆုံးခဲ့သော်လည်း ညပိုင်း၌ အရက်ဆိုင်တွင် ယင်းဘောလုံး ၂-ဖွဲ့လုံး ဆုံမိကြပြီး ရန်ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းရန်ပွဲအား ရဲစခန်းမှ လာရောက်ထိန်းသိမ်း၍ ပြီးဆုံးသွားခဲ့သည်။ ယနေ့တွင်မူ ဘုန်းကြီးတစ်စုနှင့်အရပ်သားတစ်ချို့သည် စုဝေးရောက်ရှိလာပြီး ပဋိပက္ခဖြစ်ပွားစေရန် ဆူပူလှုံ့ဆော်ခဲ့ပြီး ရမည်းသင်းမြို့ရှိ ဧကရာဇ်ဗလီအား ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း ရမည်းသင်းမြို့ရှိ စစ်တပ်နှင့်ရဲတို့မှ အချိန်မီ ထိန်းသိမ်း တားဆီးလိုက်သောကြောင့် ယင်းဆူပူလှုံ့ဆော်မှု အထမမြောက်ဖြစ်သွားကြောင်း သိရပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ “ရမည်းသင်းမြို့မှာက ဗလီ ၉-လုံး ရှိပါတယ်။ အခုဖြစ်တဲ့ ဧကရာဇ်ဗလီက အသစ်ပါ။ ဧကရာဇ်ဗလီအဟောင်းလည်းရှိပါတယ်။ အဟောင်းကတော့ ပိတ်ခံထားရပါတယ်။ စဖြစ်တာက ဗုဒ္ဓဘာသာအမျိုးသားနဲ့ မွတ်စလင်မ်အမျိုးသမီး အိမ်ထောင်ကျ အိမ်ထောင်ပြိုကွဲပြီ စီးပွားပြိုင်လုပ်ကြရင်း အသီးသီး ဘောလုံးအသင်းတွေ ထောင်ကြတယ်။ မနေ့က ဘောလုံးပွဲမှာ အဲဒီ ၂-သင်း ရိုက်ပွဲဖြစ်တယ်။ အဲဒီမှာပဲ ရန်ပွဲက ပြီးသွားတယ်။ နောက် ညပိုင်းရောက်တော့ အရက်ဆိုင်မှာ အဲဒီ ဘောလုံး ၂-သင်း အတူတူဆုံမိကြပြီး အရက်သောက်ရင်း စကားများကြရာကနေ ရန်ပွဲထပ်မံဖြစ်သွားခဲ့တယ်။ အဲဒါကို ရဲက အချိန်မီအရေးယူလိုက်တယ်။ အဲဒါ ဒီမနက်ကျတော့ ဘုန်းကြီး တစ်စုရောက်လာပြီး အဓိကရုဏ်းဖြစ်အောင် လာပြီး လှုံ့ဆော်တယ်။ အဲဒီဘုန်းကြီးတွေက ရမည်းသင်းက ဘုန်းတော်ကြီးတွေ မဟုတ်ပါဘူး။ ရမည်းသင်းမြို့ပေါ်က ကျောင်းတိုက်တွေ အားလုံးက ဆရာတော်ကြီးတွေက ကျောင်းကဘုန်းကြီးတွေကို ပေးမထွက်ပါဘူး။ ကျွန်တော် သတင်းပြန်ကြားရသလောက် အခုရောက်လာပြီး လှုံ့ဆော်တဲ့ဘုန်းကြီးတွေက မန္တလေးက ဦးဝီရသူစေလွှတ်လိုက်တဲ့ ဘုန်းကြီးတွေဖြစ်တယ်လို့ တဆင့်ပြန်ကြားရတယ်။ အဲဒီ ဘုန်းကြီးတွေကို ရမည်းသင်းမြို့ပေါ်က ဘယ်ကျောင်းတိုက်ကမှ လက်မခံပါဘူး။ တည်းခိုခွင့်မပြုဘူး။ အဲဒါနဲ့ မြို့ပေါ်က အိမ်တစ်အိမ်မှာ သူတို့တည်းလိုက်ရတယ်။ အဲဒီလက်ခံပေးတည်းလိုက်တဲ့အိမ်ကလည်း NLD အမာခံတစ်ဦးရဲ့ အိမ်လို့ သိရတယ်။ အဲဒါကတော့ သေချာပေါက်မသိသေးဘူး။ အဲဒါ သူတို့က ဧကရာဇ်ဗလီကိုဖျက်ဆီးဖို့အတွက် ပြဿနာဖြစ်အောင် ဆူပူလှုံ့ဆော်ပါတယ်။ စစ်တပ်နဲ့ရဲက အချိန်မီ တားဆီးခဲ့ပါတယ်။ စစ်တပ်နဲ့ရဲက တကယ်ကို ပြဿနာမဖြစ်အောင် တားဆီးနိုင်ခဲ့တာပါ။ အဲဒါ အခုလည်း သတင်းတစ်ခုကြားရတယ်။ ဘာလဲဆိုတော့ မနက်ဖြန်ကျရင် ဘုန်းကြီးတစ်ပါးကို မွတ်စလင်မ်တွေက ၀ိုင်းသတ်တယ်ဆို လုပ်ကြံပြီး ပြဿနာဖြစ်အောင် ဖန်တီးမယ်လို့ သူတို့တွေဘက်က သတင်းကြားနေရတယ်။ အဲဒါကြောင့် မြို့နယ်အာဏာပိုင်တွေရော နောက် ပါတီတွေကိုပါ အဲဒီသတင်းကို အသိပေးထားပြီး အဲဒါမျိုး မဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းပေးဖို့ ပြောထားပါတယ်။ ကျွန်တော်တို့ ဘယ်လို ပဋိပက္ခမျိုးကိုမှ မလိုလားပါဘူးဗျာ။” လို့ ရမည်းသင်းမြို့ မြို့ခံတစ်ဦးက BNG-Media သို့ ပြောပြခဲ့တယ်။

No comments:

Post a Comment